Pages

Thursday, February 10, 2011

ဓါးဒဏ်ရာဗလပွနဲ့လူ
ကိုးလလွယ် ဆယ်လအမေကိုယ်တိုင်
ဝတ်ပေးခဲ့တဲ့အင်္ကျီအသစ်ကလေး
လောကဓံရိုက်ချက်တွေများတော့ခု
ဖာထေးရာတွေနဲ့ အရင်လို မသန့်ရှင်းတော့ဘူး...။
ခွေးတွေကဟောင်တယ် အရက်သမားတွေက ဆူဆဲကြ လူလူချင်းပြန်ကိုက်တာတွေ့တော့
ကျွန်တော့်အရေခွံလေးကိုပြန်ပြန်မျိုချထားရတာ
တစ်ချို့ က ...မာယာများတဲ့ကောင်...တဲ့..။
ပိုးစုန်းကြုးအလင်းနဲ့ လမ်းလျှောက်နေရတဲ့ကောင်ပြိုလဲယိုင်ကျတာတွေများလွန်းလို့
ချစ်သူဆိုတာလပြည့်ညမှာ လမင်းကို မမြင်ရ
ကိုယ့်မျက်ခွံသာ ကိုယ်ပြန်မြင်နေရတယ်...။
ကိုယ့်အဖီကို ကိုယ်ပြန်ထောက် ကိုယ့်လျှာကို ပြန်ပြန်ကိုက်ထားရ
တံစက်မြိတ်က ကျလာတဲ့ရေတစ်ပေါက်တောင်ကျွန်တော်ခံနိုင်ရည် မရှိဖြစ်ခဲ့ရဘူးတယ်...။
ဆရာတာရာမင်းဝေရေ ခင်ဗျားရဲ့ကဝေမီးတောက်ဆောင်းဦးပေါက်
အရက်တစ်အိုးဇွတ်မှိတ်လို့ မျိုချခဲ့ဖူးတဲ့ကောင်
သွေးတွေကို တဟုန်းဟုန်းလောင်ကျွမ်းလို့သေလမ်းကို ခပ်ရဲရဲလျှောက်ဖူးပြီ..။ တစ်ယောက်တည်းနေရတာများတော့ စကားလုံးတွေက ဖရိုဖရဲ
လူကြားထဲ ခေါင်းငုံ့ သွားတာတောင်တစ်ချို့ တွေက ဒဿဂီရိ လို့လဲဆိုရဲ့
မာရ်နတ်လို့လဲပြောရဲ့
အပေအတေကောင်လို့လဲခေါ်ရဲ့...။
ဦးနှောက်ကို သလာယံဇရပ်လိုထားလာသမျှလက်ခံခွင့်ပြုခဲ့ပေမယ့်
တစ်ချို့ က ကွမ်းတံထွေးထွေးသွားကျတစ်ချို့ က ခြေထောက်နဲ့ကန်သွားကျကျွန်တော်က တိတ်ဆိတ်စွာ ဒဏ်ခံနေခဲ့ရ...။
မိုးတွေရယ် ငါ့အပေါ်ဖွဲဖွဲလေးတောင် မရွာပါနဲ့
နှင်းတွေရယ် ငါ့အပေါ် မြောက်ပြန်လေနဲ့အတူ မတိုက်ခတ်ပါနဲ့
နွေတွေရယ်ငါ့အပေါ် ဥသြသံ နဲ့ အပူတပြင်းမလောင်ကျွမ်းလိုက်ပါနဲ့...။
မြူလိုလည်း ပျောက်ဆုံးလိုက်ချင်ရဲ့
ဓါးလွတ်အိမ်လိုလည်း လဲလျောင်းနေချင်ရဲ့
မြေကြီးလိုလည်း အနင်းခံနေရတယ်ငါဟာ ....
ဓါးဒဏ်ရာ ဗလပွ နဲ့လူပဲ…။
သက်ထွန်းညိမ်း